ဗိုလ်ချုပ်အောင်ဆန်း (၁၃ ဖေဖော်ဝါရီ ၁၉၁၅ – ၁၉ ဇူလိုင် ၁၉၄၇) သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ စစ်သေနာပတိတစ်ဦးဖြစ်သည့်အပြင် နိုင်ငံရေးသမားလည်း ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်လည်း ဖြစ်သည်။
ဗိုလ်ချုပ်၏ စကားများ
edit- လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလိုတာလား ။ မဟုတ်ဘူး ။ အသက်မကြီးပေးမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။
- ကျွန်တော်တို့ ဗမာပြည်ရဲ့ အရေးဟာ ဗမာပြည်သူတွေပြည်သားတွေ၊ ခေါင်းဆောင်တဲ့လူတွေ၊ ညီညွတ်စွာနှင့် လုပ်တတ်မယ်၊ လုပ်မယ်ဆိုယင် အေးအေးဆေးဆေးနဲ့ ပြီးမြောက်နိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော် ခေါင်းဆောင်နေတဲ့ တပ်မတော်ကလည်း ယုံကြည်တယ်။ ဒါကြောင့် တိုင်းပြည်မှာ ညီညွတ်ရေးဟာ အခု အဓိကလုပ်ငန်းဘဲ။
- စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များအစည်းအဝေးတွင် ပြောကြားခဲ့သော မိန့်ခွန်း။ (ဩဂုတ် ၁၉၄၅)
- အမျိုးသား ညီညွတ်ရေးဆိုသည်မှာ ခေါင်းဆောင်များသာ ညီညွတ်ခြင်းကို မဆိုလို။ လူမျိုး ဘာသာ၊ ယောက်ျား မိန်းမ၊ ဂိုဏ်းဂဏမရွေး တနိုင်ငံလုံး ပြည်သူပြည်သား၊ လူထုတခုလုံး အပြောသာမဟုတ်၊ အလုပ်နှင့်တကွ အမျိုးသားတို့၏ အလိုဆန္ဒများကို ပြည့်ဝနိုင်ရန် အမျိုးသားတို့၏ လုပ်ငန်းများတွင် သောင်းသောင်းဖြဖြ စိတ်ရောကိုယ်ပါ ညီညွတ်ကြသည်ကို ဆိုလိုသည်။
- ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ၌ ကျင်းပသော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားသော မိန့်ခွန်း။ (၂၀ ဇန်နဝါရီ ၁၉၄၆)
- တတိုင်းပြည်လုံး ကြီးပွားစေချင်ယင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး၊ အင်တိုက် အားတိုက် လုပ်နိုင်မှ အကျိုး ခံစားခွင့် ရှိကြမှာဘဲ။ ဗမာက တမျိုး၊ ကရင်က တဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား၊ အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုး ရှိမှာ မဟုတ်ဘူး။ စုပေါင်း လုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလဲ အကျိုးရှိကြောင်း သိနိုင်တယ်။
- ပင်လုံမြို့ စော်ဘွားများ ထမင်းစားပွဲတွင်ပြောကြားသော မိန့်ခွန်း။ (၁၁ ဖေဖော်ဝါရီ ၁၉၄၇)
- ကမ္ဘာပေါ်တွင် မည်သည့် အစိုးရမျှ ငွေမရှိဘဲ တိုင်းပြည်နိုင်ငံ အုပ်ချုပ်ရေး တာဝန်ကို ဆောင်ရွက်မသွားနိုင်ချေ။ ထို့ကြောင့် ကိုယ့်အစိုးရအား ကျသင့်သော အခွန်ဘဏ္ဍာများကို ကြည်သာပျူငှာစွာ ပေးဆောင်ခြင်းသည်ပင် လွတ်လပ်သော လူမျိုးအဖြစ်ကို ထင်ရှားစေသော မှတ်ကျောက် ဖြစ်ပေသည်။
- လူထုရဲ့ ခေါင်းဆောင် လုပ်မယ်ဆိုယင် လူထုရဲ့ အကျိုးကို တကယ်တမ်း ဆောင်ရွက်နိုင်အောင် ကြိုးပမ်းကြရပေလိမ့်မယ်။ ပြတ်ပြတ်သားသား လုပ်ရဲကြရပေလိမ့်မယ်။ ချီတုံချတုံ အဖြစ်မျိုးကို စွန့်ပစ်ကြရလိမ့်မယ်။ နိုင်ငံရေး ဆောင်ရွက်တယ်ဆိုတာ ကြောက်လွဲ ရဲမင်းဖြစ် ဆိုတဲ့အတိုင်း ရဲနိုင်မှ ဖြစ်မယ်။
- အစိုးရ အရာထမ်း အမှုထမ်းတွေဟာ မိမိတို့အပေါ်ကို တရားသဖြင့် ကျရောက်လာတဲ့ တာဝန် ဝတ္တရားတွေကို လူထုနဲ့ တိုင်းပြည်ရဲ့ မျက်နှာကို ထောက်ထားပြီး၊ ပြတ်ပြတ်သားသား ဆောင်ရွက်ကြစေချင်တယ်။ ဒီလိုမှ ပြတ်ပြတ်သားသား မဆောင်ရွက်ဝံ့ကြယင်လဲ၊ ဆောင်ရွက်ဝံ့တဲ့လူတွေကို နေရာ ဖယ်ပေးကြစေချင်တယ်။ အစိုးရ အမှုထမ်း အရာထမ်းဆိုတာ အမှန်စင်စစ်တော့ ကိုယ့်ဝတ်တရား ကိုယ်ကျေပြွန်အောင် ထမ်းဖို့ဘဲ။ ဟိုလူကို ကြောက်သလိုလို ၊ ဒီလူကို ကြောက်သလိုလို၊ ဟိုလူ့ကို မျက်နှာချို သွေးချင်သလိုလို၊ ဒီလူ့ကို မျက်နှာချို သွေးချင်သလိုလို၊ ဒီလို လုပ်လို့ မရဘူး။ ကိုယ့် ဝတ်တရားကိုယ် ကျေပြွန်ယင် ဘယ်သူ့မှလဲ ကြောက်ဖို့ မလိုဘူး။ ဘယ်သူကမှလဲ လက်ဖျားနဲ့မှ မတို့နိုင်ဘူးဆိုတာ မှတ်ထားကြပါ။
- ဟေ့ ... သေလဲ ဗမာပီပီ ဇာတိမာန်နှင့် သေကြပါ .. ရန်သူကို မိမိလက်အားနေရင် လက်နှင့်ထိုး၊ ခြေအားနေရင် ခြေနဲ့ကန်ပါ ..။ နောက်ဆုံး ပါးစပ်အားနေလျှင် ပါးစပ်နှင့် ကိုက်ပြီးမှ ရဲရဲသေပြလိုက်ကြတာပေါ့ ...။
- ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ ဟေနန်ကျွန်းတွင် ဂျပန်များက စစ်ပညာသင်ပေးနေကြစဉ် ဂျပန်တို့က ၎င်းတို့အား အားလုံးဖျောက်ဖျက်မည့် အခြေအနေမျိုးကို ကြုံတွေ့နေကြရစဉ်
- ရဲဘော်သုံးကျိပ်ဟာ နိုင်ငံရေးအဖွဲ့ တဖွဲ့တည်း မဟုတ်ပဲ သခင်ဂိုဏ်းကြီးနှစ်ခုဖြစ်တယ်၊ အနာဂတ် လွတ်လပ်ရေးတိုက်ပွဲမှာ ဒီသုံးကျိပ် ညီညွတ်ဖို့ လိုတယ်။ ဒါမှ လူငယ်များဖြစ်တဲ့ သခင်ဂိုဏ်း နှစ်ဂိုဏ်းလုံး ညီညွတ်မယ်။ ဒါမှ လူများစုကို ကိုယ်စားပြုမဲ့လူတွေ တကယ်လဲ အလုပ်လုပ်ကြမဲ့ လူငယ်တွေ ညီညွတ်မယ်။ ဒါမှ လွတ်လပ်ရေးတိုက်ပွဲဟာ ခိုင်မာတောင့်တင်းမယ်။
- စစ်ထွက်ကြတာပေါ့၊ ရှေးရှေးတုန်းက ဗမာ့တပ်တွေ စစ်ထွက်ကြတာ တနင်္သာရီကို လှေကြီးတွေနဲ့ ရေကြောင်းလွှင့်ကြတော့ တချို့က ရေကြောင်းမှားပြီး ရခိုင်ပြည်ဘက် ရောက်လိုရောက်ဖြစ်ကြတာပဲ၊ ဒါပေမဲ့ ရောက်တဲ့နေရာက ဆက်ပြီး ဖြစ်သလို လုပ်ကြတာပေါ့ ... ။
- ဗိုလ်ချုပ်အောင်ဆန်းတို့ ယိုးဒယားတွင် တပ်များစုကြပြီး တပ်စစ်ကြောင်း အသီးသီးထွက်ရန် စီစဉ်ကြစဉ် ဖာပွန်စစ်ကြောင်း ချီတက်ရန် တာဝန်ကျသူ ဗိုလ်ကျော်ဇောက ဗိုလ်ချုပ်အောင်ဆန်းအား ကန်တော့သောအခါ
- ခင်ဗျားတို့ရွှာကို ရှေးယခင်တုန်းက ယုံမိတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဆရာစံထတုန်းကလဲ ထထကြွကြွရှိတဲ့ ရွာတရွာလို့ အသိအမှတ်ပြုခဲ့တယ်၊ မှင်နီ အဝိုင်းခံခဲ့ရတယ်၊ ခုတော့ ကျုပ်အထင်ကြီးသလောက် မဟုတ်တာ တွေ့ရတယ် ...။
- ပဲခူးခရိုင် ဝေါအပိုင် အညာစုရွာ ဗိုလ်ချုပ်အောင်ဆန်း ရောက်၍၊ ရဲဘော် ၃၇ ယောက်စုရန်ပြောရာ ရပ်ရွာထဲက တုတ်တုတ်မလှုပ်ကြ၍ ဗိုလ်ချုပ်အောင်ဆန်းက
ကိုးကား
edit- ↑ အာဇာနည်နေ့ အထူးပြပွဲတွင် ပြသထားသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ ပြကွက်. ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် နတ်မောက်.
- ↑ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ. AungSan.com.
ပြင်ပလင့်များ
edit