Wp/rki/သျှင်မြဝါ

< Wp‎ | rkiWp > rki > သျှင်မြဝါ

မြောက်ဦးနန်းစံ၊ ဘုရင်မင်းဗာဘုရင်ကြီးသည် မင်းဆရာဖြစ်သော သျှင်မြဝါအား ရည်မှန်းလျှက် ထိုဆရာမြတ်၏ အရိုးကို မြေအောက် ဌာပနာထားတော်မူလျှက် တောင်ထွဋ်တခုပေါ်၌ ကြီးစွာသော စေတီကြီးတဆူကို တည်ထားတော်မူသည်။ ထိုဆရာကြီးဦးမြဝါ၏ ကျန်ရစ်သောပစ္စည်းများနှင့် ရွှေငွေရတနာများကို ဌာပနာထည့်ကာ တည်ထားခဲ့သဖြင့် ထိုတောင်ကို ယနေ့ထိတိုင် မြဝါတောင်ဟုလည်းကောင်း၊ မြဝါစေတီဟုလည်းကောင်း ခေါ်တွင်သည်။ ဆရာကြီးသျှင်မြဝါမှာ ရသေ့ယောဂီတဦး ဖြစ်သည်။ ရခိုင်ရာဇဝင်သမိုင်းတွင် ထင်ရှားသော မင်းမျိုးမင်းနွယ်မှ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မဇ္ဈိမဒေသ၌ လောကီပညာအမျိုးစုံကို ဗာရဏသီမြို့တော်၌ လည်းကောင်း၊ မိဂတာဝုန်တောရှိ ဆရာဗိဿနိုးထံတွင် လည်းကောင်း၊ နှစ်ပေါင်း(၂၀) တိုင်အောင် လောကီပညာရပ်များကို တတ်မြောက်ပြီးသော် မိမိရခိုင်ပြည်ကြီးသို့ ပြန်လာကာ မြောက်ဦးမြို့၏ မြောက်ဘက် တောင်ညိုကျောင်းတိုက်ဝယ် (နမန္တာ ဓားကျမ်း) ကြီးကို ပြုစုရေးသားခဲ့သော ပုဂ္ဂိုလ်ထူးတစ်ဦးဖြစ်သည်။

သျှင်မြဝါ၏ဖခင်မှာ စိုင်းတင်မြို့စား (မဟာနန္ဒသင်္ကြန်) ဖြစ်သည်။ မယ်တော်မှာ (ဆင်ကဲကြီး ဦးအောင်ထင်နှင့် စောသန္တာ) တို့၏သမီးတော် (ဇေယျခေမာ) ပင်ဖြစ်သည်။ သျှင်မြဝါ၏မွေးဖွားခဲ့သောသက္ကရာဇ်မှာ (၈၅၄) ခု၊ ဝါခေါင်လပြည့် ကြသားပတီးနေ့၊ မိုးသောက် အချိန် (၄) ဗဟိုရ်တွင် ဖွားမြင်တော်မူသည်။ ငယ်စဉ်အခါက (မောင်မြဝါ) ဟုခေါ်တွင်သည်။ မယ်တော်ကြီး ဇေယျခေမာ၏အစ်မတော် (စေနန္ဒီ) နှင့် (မင်းရာဇာ) တို့မှ သက္ကရာဇ် (၈၅၄) ခုနှစ် ဝါခေါင်လပြည့်ကျော် (၃) ရက် စနေနေ့တွင် (မင်းဗာဘုရင်) ကိုဖွားမြင်တော်မူသည်။ ထို့ကြောင့် (သျှင်မြဝါ) နှင့် (မင်းဗာ) ဘုရင်မှာ ညီအစ်ကို တော်စပ်သည်။

မဟာပညာကျော်အမတ်၏ ငယ်နာမည်မှာကား (မြတ်သာထွန်း) ဖြစ်သည်။ ၎င်းကို သက္ကရာဇ် (၈၅၀) ခုနှစ်တွင် ဖွားမြင်သည်။ သို့ကြောင့် သျှင်မြဝါ၊ မင်းဗာကြီး၊ မဟာပညာကျော်တို့သည် ငယ်သူငယ်ချင်းများဖြစ်သည်။ ထိုသုံးဦးစလုံးသည် ငယ်စဉ်အခါက မြောက်ဦးမြို့တော် တောင်ညိုကျောင်းတိုက် (အဂ္ဂစိန္တေယျ) ဆရာတော်ထံတွင် ပညာသင်ကြားပြီးနောက် အသက် (၁၆) နှစ်လွန်သောအခါ မဇ္ဈိမဒေသသို့ သွားရောက်ပြီး (ဗာရာဏသီ) မြို့တွင် ပညာအတူသင်ကြားသည်။ မင်းဗာကြီးနှင့် မဟာပညာကျော်တို့မှာကား ပညာသင်ကြားကြပြီးနောက် ရခိုင်ပြည်မြောက်ဦးမြို့တော်သို့ ပြန်လာကြသည်။

သျှင်မြဝါမှာမူကား မပြန်နိုင်သေးပဲ ဗာရာဏသီမြို့တော်မှတဆင့် မိဂတာဝုန်တောရှိ သီရိဗိဿနိုးရသေ့ကြီးထံတွင် ရသေ့ဘဝအဖြစ် ဝင်ရောက်ကာ ထပ်မံလျှက် ပညာသင်ကြားနေလေသည်။ သျှင်မြဝါမှာ အင်းအိုင်မန္တာန်နှင့် အမျိုးမျိုးသော လောကီပညာရပ်များကို တတ်မြောက်ကာ ရသေ့အဝတ်ဖြင့် ရခိုင်ပြည် မြောက်ဦးမြို့တော်သို့ ပြန်ရောက်လာသည်။

မြို့တော်သို့ ပြန်ရောက်ပြီးသည့်နောက် တနေ့သောအခါ နန်းတော်ညီလာခံသို့ဝင်လေပြီးသော် မင်းဗာဘုရင်အား လက်ကိုင်တုတ်တော်ဖြင့် ချိန်ရွယ်လျှက် (သင်မင်းကြီး ယောကျ်ားလော၊ မိန်းမလော၊ ငါကားအမှန် မိန်းမမြင်သည်) ဟုသုံးကြိမ်ဆိုကာ နန်းတော်မှ ထွက်ခွာသွားသည်။ ဘုရင်မင်းမြတ်သည်လည်း အရှက်ရ၍ အမတ်အပေါင်းနှင့် တိုင်ပင်လတ်သော် မဟာပညာကျော်အမတ်ကြီးက လျှောက်ထားသည်မှာ သျှင်မြဝါ၏ဆိုလိုရင်းစကား အကြောင်းရင်းကား ယောကျ်ားပီပီ ဘေးလောင်းတော်များလက်ထက်က သူရတန်မင်းအား ပေးအပ်ခဲ့ရသည့် ဘင်္ဂလားနယ်ကို ပြည်လည် တိုက်ခိုက်သိမ်းယူထိုက်ကြောင်း မဟာပညာကျော်အမတ်ကြီးက လျှောက်တင်လေသော် မင်းကြီးလည်း အားရတော်မူ၍ မဟာပညာကျော်အား စစ်အင်္ဂါရပ်များကိုစီမံစေကာ ကုန်းတပ်၊ ရေတပ်ခိုင်စွာဖွဲ့လျှက် မြောက်ဦးမြို့တော်ကြီးကိုလည်း တံတိုင်း၊ ကျုံး၊ မြောင်း ခိုင်စွာတည်ဆောက်ပြီးစီးပြီးသော် ရေတပ်ဗိုလ်ချုပ်အဖြစ် သားတော်မင်းဖလောင်းအား ခန့်အပ်လျှက် မယုံခြုံစား ဝိမလပညာရှိအား ကြည်းတပ်နှင့်တကွ စစ်ချီထွက်ဦးစီးတော်မူသည်။

ထိုအခါ သျှင်မြဝါလည်း ဝမ်းမြောက်စွာဖြင့် သေနင်္ဂဗျူဟာခင်းစေကာ စီမံပေးလေသဖြင့် လူတဦးတယောက်မျှ မသေကုန်ဘဲ ကုလား၏စစ်ကို အလွယ်တကူ အောင်နိုင်တော်မူသည်။ ထိုကဲ့သို့ စစ်အောင်မြင်ပြီးနောက် ကုလားမင်း၏သမီးတော် (ပဲသီတာ) အားဆက်သလေသဖြင့် အနောက်မိဖုရားအဖြစ် မြှောက်စားတော်မူကာ စစ်ကိုတန့်ထားရာဒေသဖြစ်သော (စစ်တန့်ကောင်း) ယခုအခါ (စစ်တကောင်း) ၌ ထီးနန်းဆောက်ကာ စိုးစံတော်မူသည်။ သက်တော် (၄၁) နှစ်တွင် မင်းဗာဘုရင်လည်း ဗုဒ္ဓဂယာ၌ ဗုဒ္ဓရုပ်ပွားတော်ပတ်လည် (၄၁) ဆူဖြင့် (သက်တော်စေ့ဘုရား) စေတီတော်တဆူ တည်တော်မူသည်ဟူ၏။

မင်းဗာဘုရင်မင်းမြတ်သည် မဇ္ဈိမဒေသတွင် စေတီပုထိုးအကျိုး၊ အပျက်အစီးများမှ ရရှိသော ဘုရားရဟန္တာတို့၏ ဓာတ်တော်သျှစ်သောင်းကို ရွှေ၊ ငွေ၊ ပတ္တမြားစီသော ရတနာကြုတ်ကို မင်္ဂလာအုတ်တော်၌ထည့်လျှက် ရခိုင်ပြည် မြောက်ဦးနန်းတော်သို့ ဆောင်ယူလာပြီးလျှင် နန်းတော်အတွင်း ဘုရားနန်းပြဿဒ်ဆောင်ဖြင့် ကိုးကွယ်ထားရှိသည်။ မကြာမှီ ဓာတ်တော်များ ကွန့်မြူး၍ နန်းမီးလောင်သကဲ့သို့ လူများစွာတို့သည် အဝေးကမြင်ကြရ၍ ဟိုးဟိုးကျော်ကျော် ဖြစ်ကုန်သည်။ သို့နှင့် ဆရာကြီးသျှင်မြဝါ၏ အစီအမံဖြင့် နန်းတော်မြောက်ဘက် ဖိုးခေါင်တောင်ကလပ်ဝယ် သျှစ်သောင်းသော ဓာတ်မွေတော်တို့အား ဌာပနာ၍ ကြီးစွာသောပုထိုးတော်ကြီးတဆူ တည်တော်မူ၍ ရန်အောင်ဇေယျ (ခေါ်) သျှစ်သောင်းပုထိုးတော်ကြီးဟု ခေါ်တွင်သည်။

ဆရာကြီးသျှင်မြဝါသည် မြောက်ဦးမြို့သက်ကို အနှစ် (၁၀၀၀) ရှည်စီခြင်းငှာ ရည်ရွယ်လျှက် အတိတ်နိမိတ်ခန်းတို့အား တွက်ချက်၍ ဓာတ်လား ဓာတ်လာသင့်စေပြီးသော် အင်းအိုင်မန္တရားစီမံလျှက် ပြီးစီးသောအခါ ကြသားပတေးနံတစ်ခု လတ်တလောလိုနေသဖြင့် ရှာဖွေလျှင် ကြန့်ကြာမည်ဖြစ်သောကြောင့် ငါပင်လျှင် (ကြသပတေးသားတည်း) ဟုဆိုကာ မိမိရင်အုံတော်အား ဓားနှင့်ခွဲကာ အူကိုထုတ်လျှက် မြို့ကွန်ချာတိုင်တွင် ရစ်ပတ်စေပြီးသော် ငါ့အား (သေဆုံးသည့်နေရာ၌ပင် မြှပ်ကုန်လော့) ဟု မိန့်မှာလျှက် သေဆုံးသွားသည်။

ဘုရင်မင်းဗာကြီးသည် ထိုစကားကိုနားမထောင်ဘဲ ငါ၏ဆရာကို ခွေး၊ ဝက်ကဲ့သို့ မမြှုပ်နိုင်၊ ပွဲသဘင်ကျင်းပပြီး ရထားပန်းယာဉ်ဆွဲလျှက် သဂြိုလ် သောကြောင့် ရခိုင်ပြည်သည် ယိမ်းယိုင်ပျက်စီးခြင်းသို့ရောက်ရသည်ဟု ဆိုစမှတ်ပြုလေသည်။

ဆရာကြီးသျှင်မြဝါ သေဆုံးသွားသောနေရာမှာ (မြို့ကွန်ချာတိုင် စိုက်ထူရာ မြင့်မြတ်သောမြေ၊ ယခုအခါ ရွှေဂူတောင်ရွာထဲတွင်ရှိသည်။ ထိုနေရာတွင် သျှင်မြဝါစီမံထားသော အင်းတချပ်ထားရှိသည်။ ၎င်းအပြင် သျှင်မြဝါ၏ ရုပ်ထုကိုလည်း ထုဖော်ထားရှိသည်။

ထိုနေရာ၏ မြောက်ဘက်တောင်ထိပ်တွင် သျှင်မြဝါစေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်သည်။